မုံရွာ – အရာတော်လမ်းတွင် အာဏာသိမ်းစစ်အုပ်စုယာဉ်တန်း ၁၂ ဘီးကားသုံးစီးကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သားခြောက်ဦး သေဆုံး ကိုးဦး ထိခိုက်ဒဏ်ရာ ရ
မကွေးတိုင်း။ ဩဂုတ် ၂၁
စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းမပေါ်တွင် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ၁၂ဘီးကား သုံးစီးပါယာဉ်တန်းက အရာတော် စခတ (၁၀)ကို သွားနေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်သားတစ်ချို့ ထိခိုက်သေဆုံးခဲ့ကြောင်း Danger Force LPDF ဘက်က ယနေ့မနက်ပိုင်းတွင် ပြောဆိုလိုက်ပါသည်။
ယမန့်နေ့ ညနေ့ ငါးနာရီခန့်က အာဏာသိမ်းစစ်အုပ်စုယာဉ် ၁၂ဘီးပါကားသုံးစီးက အရာတော်မြို့နယ်ရှိ စခတ ၁၀ တပ်ကို လာရောက်စဉ် မုံရွာ – အရာတော်ကားလမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဒေဿမိုင်း ကိုးလုံး နှင့် လက်နက်ငယ်များ အသုံးပြုကာ ကိုက်ငါးဆယ်အတွင်း ပစ်ခတ်ခဲ့တာ ဖြစ်သည်။ အဆိုပါပစ်ခတ်မှုကြောင့် စစ်ကားသုံးစီး ပျက်စီးခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုစစ်ဆင်ရေးကို Danger Force LPDF၊ Ayadaw Rocket တပ်ဖွဲ့ နှင့် လင်းယုန် တပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။


