ရန်ကုန်၊ ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ရွာသစ်ကုန်း – ကျောက်ပုံနေရာရှိ အာဏာသိမ်း စစ်တပ်က KNLA နှင့် ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက် မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း Albino Tiger Column က သတင်းထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့က KNLA နှင့် ပူးပေါင်းပြည်သူ့ကာကွယ်ရေး တပ်တွေက ကော့ကရိတ်မြို့နယ်ရှိ ရွာသစ်ကုန်း – ကျောက်ပုံနေရာများတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်သားကိုးဦး သေဆုံးပြီး ၁၅ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ကြောင်း သိရသည်။
အလားတူ ကျုံဒိုးမြို့တပ်ရင်း ၅၄၅ နှင့် တံတားကျိုးဂိတ်ရှိ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များကို KNDO ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သားလေးဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Albino Tiger Column ဘက်က ပြောဆိုထားပါသည်။
အထက်ပါစစ်ဆင်ရေးကို ကျားဖြူစစ်ကြောင်း တပ်ခွဲ-၃၊ ဂဠုန်စစ်ကြောင်း (Spring UAV Force)၊ KNDO တပ်ရင်း-၆ (Drone တပ်ဖွဲ)၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ KNLA တပ်ရင်း (၁၈) ပူးပေါင်းမဟာမိတ်တပ်ဖွဲများမှ ဆောင်ရွက်ခဲ့တာ ဖြစ်သည်။