တနင်္သာရီ၊ ဩဂုတ် ၇

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် စစ်ကောင်စီစစ်တပ်အတွက် ရိက္ခာသယ်ယူသည့်ကားကို တားဆီးရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မတော်တဆ ကျည်ထိမှန်ရင်း ကျဆုံးခဲ့ရသည့်ပြည်သူအတွက် တာဝန်ယူသွားမည်ဖြစ်ကြောင်း လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF က ပြောဆိုလိုက်ပါတယ်။

ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် စစ်ကောင်စီလက်အောက်ခံ လားဘိုတောင်စစ်စခန်း နှင့် စမ်းလှန်တောင်ပေါ်ရှိ မိုင်တဲတာဝါတိုင်စခန်းအတွက် ထားဝယ်မြို့မှ ရိက္ခာယူပြီး ပြန်လာသည့်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက တားဆီးခဲ့တာ ဖြစ်ပြီး မရပ်တန့်ပေးဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ကား နှင့်တိုက်၍ ထွက်ပြေးသွားခဲ့ပါတယ်။

အဆိုပါကားကို ပစ်ခတ်တားဆီးရင်း အင်းဇောက်ကျေးရွာလမ်းဆုံရှိ ဘိလိယက်ခုံဆိုင်ရှေ့တွင် ကားဘီးပေါက် ထိုးရပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေးခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပစ်ခတ်ဖမ်းဆီးရင်း အရပ်သားပြည်သူတစ်ဦးကို မတော်တဆ ထိမှန်ရင်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ယင်းပစ်ခတ်မှုကြောင့် ထားဝယ်မြို့ပေါ်မှ စစ်ကားနှစ်စီး နှင့် လောင်းလုံမြို့မရဲစခန်းမှ ကားသုံးစီးဖြင့် စုပေါင်းအင်အားခုနစ်ဆယ်ခန့်က စစ်ကူလာခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။

၎င်းဖြစ်စဉ်အတွင်း ထိခိုက်ကျဆုံးခဲ့ရသည့် ပြည်သူကိုမျိုးဇော်လတ်အတွက် လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF အနေဖြင့် မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းပြီး တာဝန်ခံမှု နှင့် တာဝန်ရှိစွာဖြင့် တာဝန်ယူသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်ကောင်စီစစ်တပ်က အခင်းဖြစ်ပွားခဲ့သည့်နေရာကို ရောက်ရှိလာပြီး ခရီးသွားပြည်သူများအား စစ်ဆေးခြင်း နှင့် လွတ်မြောက်သွားသည့်၎င်းတို့စစ်သားများကို နှစ်နာရီကြာအောင် ရှာဖွေခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *